17 Oct 2011

စတင်ခြင်း

   ကျွန်တော့် ညီအစ်ကိုမောင်နှမတွေ၊ သူငယ်ချင်းတွေ ဆွေမျိုးနီးစပ်တွေ blog ကို မြိုင်မြိုင်ဆိုင်ဆိုင်သုံးစွဲနေကြတာ ဆယ်စုနှစ်တစ်ခုရဲ့ တစ်ဝက် ကျော်လွန်လာခဲ့ပြီဖြစ်ပေမယ့် ကျွန်တော့်အတွက်တော့ ဒီလို အသိုင်းအဝိုင်းထဲမှာ ပေါက်ဖွားကြီးပြင်းလာခဲ့တာတောင်မှ အခုမှသာ blog ဆိုတာကို စ လုံးရေး စပြီးသုံးမိတာဖြစ်ပါတယ်။ Blog ကို စပြီး ဖွင့်ဖို့၊ ရေးဖို့၊ maintain  လုပ်နေဖို့ အခြေအနေတွေ မပေးနိုင်ခဲ့ဘူး ဆိုရင်လည်းနိုင်ငံရပ်ခြားကို စတင် အခြေချစပြုနေရတဲ့ သူတစ်ယောက်အဖို့တော့ လုံလောက်တဲ့ အကြောင်းပြချက်တစ်ခုဖြစ်မှာပါ။

  တကယ်ဆိုရင်တော့မြန်မာနိုင်ငံမှာနေခဲ့တုန်းက Computer Keyboard ကိုတဗြောင်းဗြောင်းရိုက်နေကြတဲ့၊ Program looping တွေကို ချည်ခင်ယက်သလို တဝီဝီ ပတ်ရေးနေကြတဲ့၊ blog ဆိုတာကို နိုင်ငံခြားရောက်တာနဲ့ ရေးမယ်လို့ တစာစာကြုံးဝါးနေကြတဲ့ သူငယ်ချင်းတွေကြားထဲမှာ နေထိုင်ခဲ့သူအဖို့ Blog ဘယ်ကစ၊ Computer၊ Website၊ Internet တွေ ဘယ်က သန္ဓေတည်၊ IT ဆိုသည်မှာ စသည်တို့နဲ့ ကျွမ်းကျင်အဆင့်မဟုတ်တောင် သိပ်မစိမ်းလှသလို၊ ကိုယ်ပိုင် Blog ဆိုတာကိုလည်း တနေ့တော့ ရေးမယ်ဆိုတဲ့ စိတ်ကူးအမြုတေလေး ခန္ဓာကိုယ်အနှံ့မှာ ကိန်းအောင်နေခဲ့တာတော့ ကြာခဲ့ပါပြီ။ ရန်ကုန်တုန်းက အဖေ့ရဲ့ ဆောင်းပါတွေ publishing လုပ်ဖို့ စာစီစာရိုက်လုပ်ပေးနေခဲ့ရတာကိုက ဆယ်စုနှစ် တခုစာလောက်ရှိပြီဖြစ်ခဲ့တဲ့အတွက် Keyboard မြင်ရင် မြန်မာစာရော၊ အင်္ဂလိပ်စာရော တဂျောက်ဂျောက်မြည်အောင် ရိုက်နေချင်တဲ့ လက်ချောင်းတွေကလည်းဒီ blog ဖြစ်မြောက်ဖို့အတွက် အားပေး ကူညီသူတွေလို့ပြောလို့ရမယ်ထင်ပါတယ်။ ဒီနေ့တော့ ဘာဖြစ်ဖြစ် Blog ကို လုပ်ဖြစ်အောင် လုပ်မယ်ဆိုပြီး စပြီး လုပ်ခဲ့မိပါပြီ။ Predecessor တွေကတော့ လူမိုက်လက်သစ်လေး တစ်ကောင်တော့ မျက်စေ့လည်လမ်းမှားပြီး ရောက်လာပြန်ပြီလို့ ပြောမလားပဲ။ ဘာကြောင့်လည်းဆိုတော့  Blogger  လုပ်ရတာက အချိန်တော်တော်ကုန်တယ်လို့ ကြားဖူးနေလို့ပါ။
    ဒီတော့ Blog တော့ဖြစ်ပြီ။ ဘာရေးမလဲ။ အဲဒါက ကျွန်တော့်အတွက် လွယ်မယောင်နဲ့ ခက်တဲ့ မေးခွန်းဖြစ်နေပါတယ်။ Entertainment သွားမလား၊ ကျွန်တော်စဉ်းစာတယ်။ ကျွန်တော် ပိုင်တဲ့လိုင်းမဟုတ်ဘဲ ကျွန်တော်သွားကိုင်လို့ဘယ်ဖြစ်မလဲ။ အချိန်ဆိုတာကိုလည်း ထည့်တွက်ရသေးတယ်။ ဒီတော့ Technology ပိုင်းလား။ အမှန်အတိုင်းပြောရရင်တော့ ကျွန်တော် IT သမားမဟုတ်ဘူး။ ကိုယ်နဲ့ဆိုင်တဲ့ လိုင်းက Medical လိုင်း၊ Medical မှာမှ Territory ထပ်ကွဲတဲ့ Detistry လိုင်း၊ ပြောရရင် မြန်မာလူထုအများစု သိပ်ပြီး ရှေ့တန်းမတင်တဲ့လိုင်း။ ဒါကိုပဲ တစ်လိုင်းထဲ သွားနေရင်တော့ ကျွန်တော့်ရဲ့ Blog က ကျွန်တော်ကိုယ်ပိုင်သုံးတဲ့ Diary တစ်ခုပုံစံထက်ပိုပြီး သိပ်တော့ထူးကဲမလာလောက်ဘူးလို့ စဉ်းစားမိတယ်။ ဒါဆိုရင် ကျွန်တော့်ရဲ့ hobby ဖြစ်တဲ့ Music, Reading နဲ့ Soccer လား။ ဒါကလည်း မဟုတ်သေးပါဘူး။ ဒါတွေနဲ့ ပတ်သက်လို့ ကျွန်တော် တင်မယ်၊ share မယ်ဆိုရင် ရှိနေပြီးသား Web Page တွေကြားထဲမှာ ကျွန်တော့် Blog လေးက သမုဒ္ဒရာထဲကိုကျသွားမယ့် ရေတစ်စက်သာသာလာက်ပဲရှိမှာပေါ့။ ဒီတော့ ကျွန်တော်ဆုံးဖြတ်လိုက်တာက ကျွန်တော့် Blog ကို ပုံစံတစ်ခုတည်းမဟုတ်တော့ဘဲ ကျွန်တော့်ရင်ထဲရှိတဲ့ အကြောင်းအရာမျိုးစုံတွေကို အနီးစပ်ဆုံးဖြစ်အောင် စာလုံးတွေအဖြစ်ဖန်တီးပြီး 0/1 တွေကတဆင့် Blog ဖတ်သူတွေရဲ့ အတွေးထဲ အရောက်ပို့ပေးမယ့် Micro Electronic Media တစ်ခုအသွင် ဖန်တီးလိုက်မယ်ဆိုတာပါ။ ဒီတော့ ကျွန်တော့် Blog ထဲမှာ ...

- သွားဆေးပညာနဲ့ ပတ်သက်တာတွေကို ကြိုးစားဖျစ်ညှစ်ရေးထားတာတွေ မကြာမကြာ ပါမယ်
- ဖတ်ထားဖူးတဲ့ စာအုပ်တွေကို မတောက်တခေါက် ပညာလေးနဲ့ ဝေဖန်ကြည့်တာတွေ ပါမယ်
- ဘောလုံးပွဲကို စကားလုံးတွေနဲ့ ကန်တာ၊ ပရိသတ်အချင်းချင်း comment တိုက်ပွဲဆင်နွှဲတာတွေ ပါမယ်
- သီချင်းတွေကို ရောင်စုံဘောလုံးကအစ opera classical music အထိ ဟုတ်ဟုတ်မဟုတ်ဟုတ် ဇွတ်အတင်း ဝေဖန်တာတွေ ပါမယ်
- နေ့စဉ်ဘဝ ကြုံတွေ့ရတဲ့ ဒီနိုင်ငံ၊ ဒီရေမြေ၊ ဒီသဘာဝ၊ ဒီကာလတွေအကြောင်း ပါမယ်
- အကြိုက်ဆုံးကဘာလဲလို့ ဘယ်အချိန်ထမေးမေး ဖြေမှာသေချာတဲ့ မြန်မာ နဲ့ ပတ်သက်သမျှ issue တွေ အကုန် ပါမယ်

    ကျွန်တော် Blog ထဲမှာ တင်သမျှ၊ ရေးသမျှ၊ လုပ်သမျှ အားလုံးဟာ ကျွန်တော့် Blog ပရိသတ်ကို သိစေချင်၊ ခံစားစေချင်လို့ လုပ်မယ့်အရာတွေချည်းပဲဖြစ်တဲ့အတွက်ကြောင့် ပရိသတ်ဆီက ဘယ်လို Feedback မျိုး ပဲလာလာ ပရိသတ်ဘက်က ခံစားပြီးလို့ ပြန်လာတယ်လို့ပဲ ကျွန်တော် မှတ်ယူထားပါတယ်။ ပရိသတ်က ကျွန်တော့် post တွေတင်မက၊ ကျွန်တော့်ကိုပါ အားပေးနိုင်တယ်၊ ဆဲနိုင်တယ်၊ Encourage လုပ်နိုင်တယ်၊ Terminate လုပ်ပါလို့ ပြောနိုင်တယ်၊ အကြံဉာဏ်ပေးနိုင်တယ်၊ discriminate လုပ်နိုင်တယ်။ ဘာလာလာ အကုန် welcome ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပရိသတ်က ကျွန်တော့ကို ဆဲခဲ့ရင်တောင်မှ ဆဲဖို့ စကားလုံးက ဦးနှောက်ကလာရတာနဲ့၊ Screen မှာပေါ်ဖို့ လက်ချောင်းကရိုက်ရတာနဲ့တင် ပရိသတ်ရဲ့ လူ၊ စိတ်၊ ကိုယ်ပိုင်အချိန်၊ computer တွေအားလုံးဟာ ကျွန်တော့် blog အတွက် အနည်းနဲ့ အများ ဝင်ရောက် အားဖြည့်ပေးလိုက်ရပြီလို့ ကျွန်တော် ခံယူထားတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်ခင်ဗျား ...


STARTING

လေးစားစွာဖြင့်
တူမောင်

No comments:

Post a Comment